လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တို့ ၃သင်းထဲက ဘယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ရော်ဘီ ဆားဗေ့ချ် ရွေးချယ်
လက်ရှိမှာတော့ လီဗာပူးလ်၊ မန်စီးတီး၊ အာဆင်နယ်တို့ အားလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
ကလော့ပ်၊ အာတီတာနဲ့ ဂွါဒီယိုလာတို့ရဲ့ အသင်းတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကြတဲ့ အသင်းတွေဖြစ်ပြီး လက်ရှိအချိန်မှာ ရမှတ်ကွာဟမှုက တော်တော်လေး ကျဉ်းမြောင်းနေပြီဖြစ်တာကြောင့် စိတ်ဝင်စားစရာ ပိုကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားဟာ မေလကုန်မှာ အန်းဖီးမှာပဲ ရှိနေမလား၊ အမ်းမရိတ်စ်မှာပဲ ရှိနေမလား၊ အစ်တီဟတ်မှာပဲ ရှိနေမလားဆိုတာ ခန့်မှန်းရခက်တဲ့အနေအထားဖြစ်ပေမယ့်လည်း ရော်ဘီ ဆားဗေ့ချ်ကတော့ ရဲရဲဝံ့ဝံ့ဟောကိန်းထုတ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ရော်ဘီ ဆားဗေ့ချ်က ဒီရာသီ ချန်ပီယံဖြစ်သွားမယ့်အသင်းကို ခန့်မှန်းဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ လက်ရှိမှာ ၃ သင်းက ဆုဖလားအတွက် အကြိတ်အနယ်ဖြစ်နေပေမယ့် နောက်ဆုံးမှာတော့ စီးတီးကပဲ ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်လိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“ကျွန်တော် ဘယ်လိုထင်လဲဆိုရင် အခု ပရီးမီးယားလိဂ်ပြိုင်ပွဲထဲမှာ ၃ သင်းရှိနေပါတယ်။ ကျွန်တော် ရော့ဘ်ပြောတာ သဘောတူပါတယ်။ လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးတို့က ချန်ပီယံဖြစ်နိုင်တဲ့ ၃ သင်းဖြစ်ပြီး မန်စီးတီးက ဖလားရသွားပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ ဒဏ်ရာကြောင့် ကာလရှည် ဆုံးရှုံးခဲ့ရတဲ့ ဒီဘရိုင်းနားနဲ့ ဟာလန်းတို့ကို ပြန်လည်ပိုင်ဆိုင်ထားတာကြောင့် အရင်ကထက်တောင် ပိုပြီးတော့ အားကောင်းလာတာဖြစ်ပြီး မန်စီးတီးအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ဆိုရင် ကစားဖို့ကျန်နေသေးတဲ့တစ်ပွဲကို အနိုင်ကစားဖို့လိုအပ်မှာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးသာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင် ရပ်တန့်ဖို့ တော်တော်လေး ခက်ခဲသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေတုန်းကလိုပဲ နိုင်ပွဲဆက်ခြေစွမ်းကောင်းနဲ့ ဆုဖလားကို ရယူသွားနိုင်ဖွယ်ရှိတယ်လို့ ဆားဗေ့ချ်က ထင်မြင်နေပုံပေါ်ပါတယ်။