မန်စီးတီး နောက်ဆုံး ခေါ်လိုက်တဲ့ ဆာဗီယို အပြောင်းအရွှေ့ကို သံသယရှိလို့ စုံစမ်းစစ်ဆေးမယ့် ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာ မန်စီးတီး အသင်း နောက်ဆုံး ပြုလုပ်ထားတဲ့ အပြောင်းအရွှေ့အား စုံစမ်းစစ်ဆေးမှု ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ကြိမ်မှာ ၅ ကြိမ်ဆွတ်ခူးထားပြီး လက်ရှိ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ ကွင်းပြင်ပဖြစ်ရပ်များကြောင့် အခက်တွေ့နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုတို့အား ချိုးဖောက်မှုကြောင့် တန်းဆင်းရသည်ထိ ပြစ်ဒဏ် ကျခံရဖွယ် အန္တရာယ်ကလည်း ရှိနေပါတယ်။

ယခု စီးတီးဟာ နောက်ဆုံးခေါ်ယူလာတဲ့ ကစားသမားအပြောင်းအရွှေ့ကြောင့် ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုနှင့် ကြုံရပါဦးမယ်။

မန်စီးတီးဟာ တနင်္လာနေ့တုန်းက ပြင်သစ်ကလပ် ထရိုယက်စ်မှ ဘရာဇီး တောင်ပံ ကစားသမား ဆာဗီယိုကို ခေါ်ယူလာပါတယ်။

အဆိုပါ လီဂူး ၂ ကလပ်ကို City Of Football ကပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ City Of Football က မန်စီးတီးအပါအဝင် ကမ္ဘာတလွှားမှ ကလပ်အမြောက်အမြားတို့အား ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ထရိုယက်စ်ဟာ အသက် ၁၉ နှစ်ရှိ ဘရာဇီးယူ-၂၀ လက်ရွေးစင်အား ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက အက်သလက်တီကို မီနိုင်းရိုးမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅.၆ သန်းဖြင့် ခေါ်ယူခဲ့တာပါ။

ဒါပေမဲ့ သူဟာ ထရိုယက်စ်အတွက် တစ်ပွဲမျှ ကစားဖူးခြင်း မရှိဘဲ ပီအက်စ်ဗွီသို့ အငှားချခြင်းခံခဲ့ရသလို လက်ရှိအချိန်မှာ City Of Football ပိုင် လာလီဂါကလပ် ဂီရိုနာမှာ အငှားဖြင့် ကစားနေပါတယ်။

စပိန်ကလပ်ဟာ ယခုရာသီတွင် အံ့ဩသင့်ဖို့ကောင်းစွာ လာလီဂါဖလားအတွက် ယှဉ်ပြိုင်နေတဲ့အသင်း ဖြစ်ပြီး ယင်းမှ ကစားသမားများဟာလည်း ဥရောပကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

မန်စီးတီးဟာ ဆာဗီယိုကို ခေါ်ယူထားတယ်ဆိုပေမဲ့လည်း ရာသီအကုန်အထိ ဂီရိုနာတွင်ပင် အငှားချထားပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးက ဆာဗီယိုအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ထရိုယက်စ်ဟာ အင်္ဂလန်နှင့် ဂျာမန်ကလပ်တို့မှ ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချဖူးပြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်စီးတီးအနေဖြင့် ဆာဗီယိုအား ခေါ်ယူရာတွင် မျှတတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားကြောင်းကို ပရီးမီးယားလိဂ်အား သက်သေပြနိုင်ဖို့ လိုပါတယ်။

တကယ်လို့များ မန်စီးတီးအနေဖြင့် ဆာဗီယိုအား အလွန် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ ဘဏ္ဍာရေးမျှတစွာ သုံးစွဲရေးဥပဒေအား လက်တလုံးခြား ရှောင်ရှားလာမည်ဆိုပါက အရေးယူမှုခံရဖို့ ရှိနေပါတယ်။