မတ်လ ကန်မယ့် မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အရေးကြီးပွဲမှာ လီဗာပူး အဓိက ကစားသမား တစ်ဦး လွဲချော်ဖို့ ရှိနေ

လီဗာပူးအသင်းဟာ လက်ရှိ အချိန်ထိတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူတို့ရဲ့ ချန်ပီယံဆုအလားအလာက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲ ရှုံးတဲ့ ရလဒ်အနေနဲ့ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ လီဗာပူးဟာ ရမှတ် ၂ မှတ် လျော့သွားခဲ့ရပါတယ်။ ဒီဘရိုင်းနှင့် ဟာလန်းတို့က မန်စီးတီးအတွက် ပြန်လည်ကစားခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့အသင်းဟာ လိဂ်ဖလားကို ထပ်မံရယူနိုင်ဖို့ ရေပန်းစားတဲ့အသင်းဖြစ်လာခဲ့ပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်အရေးပါတဲ့ ပွဲစဉ်မတိုင်ခင် ဒဏ်ရာရကစားသမားတွေရှိနေတာက လီဗာပူးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းက တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ရက်သတ္တပတ် ၄ ပတ်လောက် အနားယူရဖွယ်ရှိနေပါတယ်။

ဆိုဘိုဆလိုင်းဟာ ဇန်နဝါရီလ နယူးကာဆယ်နှင့်ပွဲတွင် ဒဏ်ရာ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်က ချဲလ်ဆီးအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြန်လည်ကစားခဲ့သော်လည်း တနင်္ဂနွေနေ့ အာဆင်နယ်နှင့် ကစားခဲ့တဲ့လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။

အကယ်၍ ဆိုဘိုဆလိုင်းဟာ လာမယ့် ရက်သတ္တပတ် ၄ ပတ်စလုံးကို လွဲချော်မယ်ဆိုပါက ချဲလ်ဆီးနှင့် ကစားမယ့် ကာရာဘောင်ဖလားဖိုင်နယ်ကိုပါ လွဲချော်မှာဖြစ်ပါတယ်။ Liverpool Echo ဂျာနယ်လစ် အိုင်ယန်ဒိုရယ်ကတော့ ဆိုဘိုဆလိုင်း ပြန်ကစားနိုင်ဖို့အတွက် တိကျတဲ့ အချိန် မရှိသေးကြောင်း ပြောကြားထားပါတယ်။

“ဆိုဘိုဆလိုင်းရဲ့ ဒဏ်ရာအနေအထားက ရှုပ်ထွေးပါတယ်။ ဟန်ဂေရီနိုင်ငံသားက တစ်လလောက်အနားယူရမယ်လို့ မနေ့ညက အရိပ်အမြွက်ပြောခဲ့ပေမယ့် လီဗာပူးဘက်ကတော့ အချိန်ဘယ်လောက်အထိ နားရမလဲဆိုတာကို သတ်မှတ်ထားခြင်းမရှိနေတာပါ” လို့ ဆိုရှယ်မီဒီယာတွင် ရေးသားထားပါတယ်။

မန်စီးတီး အသင်းကတော့ လီဗာပူးနဲ့ ပွဲမတိုင်ခင် ပွဲကျန် တစ်ပွဲကို အနိုင်ကစားလိုက်ရင်ပဲ ထိုပွဲ မတိုင်ခင်မှာ ဇယားထိပ် ကို သိမ်းပိုက်နိုင်ဖွယ် ရှိနေပါတယ်။