ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်းများ စာရင်းမှာ လူကြိုက်နည်း ၂ သင်းကို ထည့်သွင်းသွားတဲ့ ဒီဘရိုင်း

ပရီးမီးယားလိဂ်ကို ၃ ရာသီဆက် အောင်မြင်ထားတဲ့ မန်စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ဒီရာသီမှာ ဖလားစိန်ခေါ်နိုင်မယ့် ကလပ်အသင်း ဆိုတာ လူအများ ထင်ထားတာထက် ပိုများပါတယ်လို့ ပြောဆိုလာပါတယ်။

ဘောလုံးရာသီ ပထမနှစ်ဝက်ကို ဒဏ်ရာကြောင့် မကစားနိုင်ခဲ့တဲ့ ဒီဘရိုင်းဟာ ကြံ့ခိုင်မှု ပြန်ကောင်းနေတာမို့ မန်စီးတီးအတွက် ပွဲတွေ ပြန်ကစားပေးနေပြီ ဖြစ်ပါတယ်။

“ ပရီးမီးယားလိဂ် ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေ အများကြီး ရှိပါတယ်။ လီဗာပူး၊ အာဆင်နယ်နဲ့ ကျနော်တို့ အသင်းက ဖလားစိန်ခေါ်နိုင်မယ့် အသင်းတွေပါ ” လို့ ဆုဖလားပြိုင်ဆိုင်မှုအတွက် ဒီဘရိုင်းက ထင်မြင်ချက်ပေးပါတယ်။

၎င်းကပဲ ဆက်လက်ပြီး “ ဒါပေမယ့် အက်စတွန်ဗီလာနဲ့ စပါးတို့ကလည်း စိန်ခေါ်နိုင်မယ့် အသင်းတွေလို့ ပြောလိုပါတယ်။ လက်တလောမှာတော့ ဒီကလပ် ၅ သင်းဟာ ပရီးမီးယားလိဂ်ကို အပြိုင် စိန်ခေါ်နေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်ကောင်းယူနိုင်ရမယ် ဆိုတဲ့ ဖိအားတွေတော့ ရှိနေပါတယ်။ ပွဲတွေကို နိုင်နေဖို့ လိုပါတယ်။ ဒီလို ဖိအားက အမြဲတမ်း ရှိတာပါပဲ။ ကျနော်တို့ကတော့ အဆုံးထိ ယှဉ်ပြိုင်သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။