ပြည်တွင်းစားသုံးဆီ စျေးကွက်မှာ မြေပဲဆီ သုံးစွဲမှုနှုန်း တရှိန်ထိုး ကျဆင်း၊ စားအုံးဆီ သုံးစွဲမှု မြင့်တက်လာ

ပြည်တွင်းစားသုံးဆီဈေးကွက်အတွင်း စျေးနှုန်းကွာဟချက် ကြီးမြင့်မှုကြောင့် ပြည်တွင်းထွက် မြေပဲဆီထက် ပြည်ပမှ တင်သွင်းရတဲ့ စားအုံးဆီ အသုံးပြုမှုကို ပိုမို အားပြုလာကြကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။

လက်ရှိ စားအုန်းဆီတစ်ပိသာလျှင် ငွေကျပ် ၆,၀၀၀ ဝန်းကျင် ဈေးရှိနေပြီး ဈေးကွက်အရ ယှဉ်ပြိုင်ရန် မြေပဲဆီမှာတော့ တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ အောက်သို့ ဈေးချ၍ ရောင်းချနိုင်စွမ်းမရှိကြောင်း သိရသည်။

“ မြေပဲဆီသည် ရောင်းအားကျသွားတဲ့အပြင် နဂိုအခြေအနေထက်ကို ရောင်းအားပိုကျသွားတယ်။ ၅၀ ရာခိုင်နှုန်းလောက်ကို ကျသွားတယ်”ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိမှာ ကုန်ကြမ်းရရှိမှု အခက်အခဲရှိသော်လည်း မြေပဲဆီရောင်းအား ကျဆင်းနေသဖြင့် သိသိသာသာ ကြုံတွေ့ရခြင်းမျိုးမရှိကြောင်း သိရသည်။

“ကြိတ်ပြီးတော့ ထွက်သမျှဆီအတွက် ဈေးကွက်မရှိဘူးဆိုရင် အခက်အခဲတစ်ခုဖြစ်လာတယ်။ ဒါက ဆီစက်လုပ်ငန်းလုပ်ငန်းရှင်များအတွက် အဓိကအခက်အခဲပဲ”ဟု ၎င်းက ဆိုသည်။

ပြည်ပမှ တင်သွင်းနေရသည့် စားအုန်းဆီရည်ညွှန်းဈေးမှာ ဇန်နဝါရီလထက်စာရင် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပိုမို မြင့်တက်လာနေခဲ့သည်။

လက်ရှိ လက်လီခွဲတမ်းရောင်းချမှုတွင် စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် တစ်ပိဿာ ကျပ် ၆,၄၀၀ မှ ၆,၅၀၀ ကျပ်နှုန်း ရောင်းချနေပြီး ၁၀ ပိဿာပုံးဈေး အမြင်ဆုံး ကျပ် ၇၀,၀၀၀ စွန်းစွန်းအထိ ဈေးသတ်မှတ်ရောင်းချနေကြောင်း သိရသည်။

ပြည်တွင်း၌ စားအုန်းဆီလိုအပ်ချက်မှာ နှစ်စဉ် တန်ချိန် ၁ သန်းခန့်ရှိပြီး နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်း ကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလျက်ရှိကာ စားအုန်းဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ခန့် သုံးစွဲနေရကြောင်း သိရသည်။