ဖူးခက်နှင့် ချင်းမိုင်မှ မြေကွက်များကို ဝယ်ယူလာကြတဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ

၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်အချို့ဟာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ပေါ်၌ ကွန်ဒိုဝယ်ယူမှုများ ရှိခဲ့ရာမှ ယခုအခါ လုံးချင်းအိမ်ရာ စီမံကိန်းရှိသည့် ချင်းမိုင်နှင့် ဖူးခက်တို့တွင် ဝယ်ယူရန် စုံစမ်းမှုများရှိနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်မှ အနားယူအပန်းဖြေရန် ရည်ရွယ်ချက်များဖြင့် ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း Colliers Thailand ၏ အကြံပေး လက်ထောက်မန်နေးဂျင်း ဒါရိုက်တာ Mr. Karlo Porbe က ပြောကြားထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများကြောင့် မြန်မာဝယ်လက်များသည် နှစ်စဉ်ပိုမိုစိတ်ဝင်စားလာကြကြောင်းပြီး မကြာသေးခင်က ချင်းမိုင်ကို အနားယူရာနေရာနှင့် ဖူးခက်ကို အလည်အပတ်နေရာအဖြစ် စဉ်းစားလာကြကြောင်း သိရသည်။

” ဗန်ကောက်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ မြန်မာနိုင်ငံကလူတွေ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လာကြတယ်။ တချို့ကကျတော့ ပညာရေးအတွက် အဲဒီမှာနေထိုင်ဖို့ ရည်ရွယ်ပြီးဝယ်ယူတာတွေရှိသလို အပန်းဖြေဖို့သက်သက်ဝယ်ယူတာတွေလည်းရှိတယ်။ အမျိုးမျိုးပေါ့”ဟု ဗန်ကောက်မြို့ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အိမ်ရာစီမံကိန်းရှိသည့် ချင်းမိုင်တွင် ဘတ် ၂၀ သန်းမှ ၃၀ သန်း တန်ဖိုး ရှိသော လုံးချင်းအိမ်များကို ဝယ်လက်များက ရှာဖွေကြောင်း သိရသည်။ အလားတူ မြန်မာနိုင်ငံသားများမှာ ဖူးခက်ရှိ Laguna နှင့် Bangtao ကမ်းခြေနေရာများ၌ ဘတ် ၄၀ သန်းတန် ဗီလာများကို စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

အစောပိုင်းတွင် မြန်မာဝယ်လက်များသည် ကိုယ်တိုင်နေထိုင်ရန်၊ သားသမီးများ၏ ပညာရေးနှင့် ကိုယ်တိုင်ကျန်းမာရေးကုသမှုအတွက် နေထိုင်ရန် ဗန်ကောက်တွင်သာ ဝယ်ယူခဲ့ကြသည်။

ဒီနောက်ပိုင်းတွင်မှ စျေးနှုန်းကြီးမြင့်သည် ရန်ကုန်၊ မန္တလေးမှ လုံးချင်းအိမ်တွေအစား ကျန်းမာရေး၊ ပညာရေးနှင့် အနားယူနေထိုင်ရန် ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုအဖြစ် ချင်းမိုင်နှင့် ဖူးခက်များတွင်ပါ ဝယ်ယူရန် စိတ်ဝင်စားလာကြကြောင်း အိမ်ခြံမြေလုပ်ကိုင်သူများက သုံသပ်ထားသည်။