မြန်မာပြည်တွင်း လည်ပတ်မယ့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကူညီကယ်ဆယ်ရေး အစီအစဉ် ထားရှိပေးမည်

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ လုံခြုံစိတ်ချမှုရှိစေရန် Rescue Service စီစဥ်ပေးထားပြီး ၎င်းနှင့် ဆက်သွယ်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသများဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်စေရေးအတွက် ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

” ဒါကလောလောဆယ် ရန်ကုန်အတွက်ပဲပေါ့။ ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ကိုလည်း မကြာခင်လုပ်ဖို့ရှိပါတယ်။ ဒါကပြည်ပခရီးသွားဧည့်သည်တွေလုံခြုံစေဖို့အတွက် ဟိုတယ်နဲ့ခရီးက ဒီဟာကိုလုပ်ဆောင်တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီးသွားများ လုံခြုံချောမွေ့စွာသွားလာလည်ပတ်နိုင်ရေး Rescue Service ကူညီနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ရာ အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ် လာပါက ဌာန၊ အသင်း အဖွဲ့များသို့ ဆက်သွယ်အကူအညီ‌‌တောင်းခံနိုင်‌ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် သံရုံးအချို့သည် မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်းမပြုရန် သတိပေးမှုများရှိနေကြောင်း သိရသည်။

ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၁ သိန်းကျော်၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၃ သိန်းကျော်၊ ၂၀၂၃ ခုနှစ်တွင် ၁ သန်းကျော် ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။