ခက်ခက်ခဲခဲရုန်းကန်ပြီးမှ ဟာလန်းရဲ့ ဂိုးတွေနဲ့အတူ ဇယားထိပ်က လီဗာပူးကို ဖြုတ်ချလိုက်တဲ့ မန်စီးတီး

အိမ်ကွင်းမှာ တန်းဆင်းဇုန်ကလပ် အဲဗာတန်ကို ဧည့်ခံယှဉ်ပြိုင်ပြီး မန်စီးတီးတို့ ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ရလဒ် ယူနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ ပထမပိုင်းမှာ အိမ်ရှင်မန်စီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ထိုးဖောက်ကစားခဲ့ပေမယ့် စုစည်းကျစ်လစ်နေတဲ့ အဲဗာတန်ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

တဖက်မှာလည်း အဲဗာတန်ရဲ့တန်ပြန်တိုက်စစ်နဲ့ ဖိအားပေးဖို့ ကြိုးစားလာမှုကို မန်စီးတီးခံစစ်ပိုင်းက အမှားအယွင်းမရှိ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

အဲဗာတန်တို့ ခံစစ်ကိုပိတ်ကစားခဲ့ပေမယ့် ဒုတိယပိုင်းမှာ တောင့်မခံနိုင်ခဲ့ပါဘူး။ ဒီဘရိုင်းနဲ့ ဝေါ်လ်ကာတို့ လူစားဝင်လာပြီးနောက် မန်စီးတီးက ဆက်တိုက်ဖိအားပေးခဲ့ပြီး လိုအပ်တဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ အချိန်ကိုက်လူစားလဲမှုကလည်း အလုပ်ဖြစ်ခဲ့ပြီး ဒီဘရိုင်းကတော့ ဒဏ်ရာကနေ သက်သာလာပြီးကတည်းက ဆက်တိုက်ကို ခြေစွမ်းပြနေပါတော့တယ်။

ဟာလန်းက ၂ဂိုးသွင်းနိုင်ခဲ့ရာမှာ ဒုတိယဂိုးကတော့ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုဖြစ်ကာ ဟာလန်းရဲ့ ပါးနပ်တဲ့ ဘောလုံးဆွဲယူမှုကနေ အပိုင်ကန်သွင်းနိုင်ခဲ့တာပါ။ ဒီရာသီမှာ ဟာလန်းက လိဂ်ဂိုး ၁၆ ဂိုးအထိ ရရှိသွားခဲ့ပါပြီ။

မန်စီးတီးတို့ ခက်ခက်ခဲခဲရုန်းကန်ပြီးမှ ရခဲ့တဲ့ နိုင်ပွဲပါပဲ။ ပရီးမီးယားလိဂ်ကို ပြန်ပြီး ဦးဆောင်နိုင်ခဲ့ပါပြီ။