သွင်းဂိုးတွေနဲ့ အတူ ၂၀၂၄ ထဲမှာ မန်စီးတီး အတွက် ချိန်သားကိုက် ပြန်ရောက်လာခဲ့တဲ့ တိုက်စစ်မှုး ဟာလန်း

၂၀၂၄ ထဲမှာ တိုက်စစ်မှုး ဟာလန်း သွင်းဂိုးတွေနဲ့ အတူ ပြန်လာတာက မန်စီးတီးအတွက် တကယ့်ကို ချိန်သားကိုက် ဖြစ်သွားခဲ့ပါတယ်။

စနေည အီတီဟတ်က အဲဗာတန်နဲ့ပွဲမှာ မန်စီးတီးဟာ ဒုတိယပိုင်းမိနစ် ၇၀ ရောက်တဲ့အချိန် ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင် မရှိခဲ့ပါဘူး။

၂၀၂၂ သြဂုတ်လ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးဟာ ပရီးမီးယားလိဂ်က အိမ်ကွင်းပွဲမှာ ပထမပိုင်းကို ဂိုးပေါက်တည့် ကန်ချက် မရှိခဲ့တာပါ။

ဒါပေမဲ့ ၇၁ မိနစ်ရောက်တော့ ထောင့်ကန်ဘောက တစ်ဆင့် ပြန်ကျလာတဲ့ဘောလုံးကို ဟာလန်းက မြေမကျအပြင်းကန်သွင်းပြီး မန်စီးတီးအတွက် ဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ နောက်ပိုင်း နော်ဝသားရဲ့ပထမဆုံးသွင်းဂိုးလည်း ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၈၅ မိနစ်မှာလည်း ဟာလန်းဟာ မန်စီးတီးအတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။

လူစားဝင်ဒီဘရိုင်း ထိုးပေးလိုက်တဲ့ဘောလုံးကို ဟာလန်းက လက်ခံရယူဆွဲပြေးပြီး ပြိုင်ဘက်နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ကာ ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ ကန်သွင်းခဲ့တာပါ။

ဒီရာသီပရီးမီးယားလိဂ်မှာ ဟာလန်းရဲ့ ၁၆ ဂိုးမြောက်လည်း ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးရဲ့ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲဆက်အနိုင်ဟာ ဟာလန်းကြောင့်လို့ဆိုရင် မမှားပါဘူး။

နောက်ဆုံးမှာ ဟာလန်းရဲ့ဂိုးတွေနဲ့ပဲ မန်စီးတီးဟာ အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ကျကန်တဲ့ ပွဲမှာ လီဗာပူးက ဘန်လေကို အနိုင်ပြန်ရသွားတာကြောင့် ပထမ နေရာကို ပြန်သိမ်းသွားခဲ့ပါပြီ။