လူတွေက စီးတီးကို ပျက်စီးအောင် လုပ်ကြမှာပဲ လို့ ခပ်ဘွင်းဘွင်းပဲ ထုတ်ပြောလာတဲ့ အာလင်း ဟာလန်း

မန်စီးတီးအနေနဲ့ ဒီရာသီမှာလည်း ဆုဖလား ၃ လုံးကို ထပ်ပြီး အရယူပြဖို့ဆိုတာ မလွယ်နိုင်ဘူး လို့ တိုက်စစ်မှူး အာလင်း ဟာလန်းက ပြောဆိုလိုက်ပါတယ်။

မနေ့ ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ၂-၀ ဂိုး နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ယာယီ ဦးဆောင်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ပွဲစဉ်မှာ လီဗာပူးက ဘန်လေကို ၃-၁ ဂိုးနဲ့ အနိုင်ရလိုက်တဲ့အတွက် မန်စီးတီးရဲ့ ဦးဆောင်မှုက ၁၄၆ မိနစ်ပဲ ကြာပါတယ်။

အဲဗာတန်နဲ့ ပွဲပြီးနောက် ဒီရာသီမှာရော မန်စီးတီးအနေနဲ့ ဖလား ၃ လုံး ထပ်ရဖို့ ဖြစ်နိုင်လားဆိုတဲ့ မေး ခွန်းအပေါ်မှာတော့ ဟာလန်းက အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့တာပါ။

” ဟင့်အင်း။ ကျွန်တော်တို့ အဲဒါကို လုပ်မှာ မဟုတ်ဘူး” လို့ ဖြေသွားခဲ့ပါတယ်။

ခြေဖဝါးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက နားနေ ခဲ့ရတဲ့ ဟာလန်းဟာ အဲဗာတန်နဲ့ပွဲမှာ ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဟာလန်းဟာ မန်စီးတီးကစားသမားဘ၀ ပရီးမီးယားလိဂ် ၅၃ ပွဲမှာ ၅၂ ဂိုးအထိ သွင်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီဖြစ်တာကြောင့် လမ်းကြောင်းမှန်ပေါ်မှာပဲ သွားနေတာ ဖြစ် တယ်လို့ ဟာလန်းက ပြောပါတယ်။

” ပွဲတွေ ပြန်ပြီး ကစားရတာ မိုက်တယ်ဗျာ။ အနိုင်ရ တာကတော့ အမိုက်စား ဖီလင်ပေါ့။ ကျွန်တော့်ရဲ့ ညာခြေထောက် အတွက် လေ့ကျင့်မှုတွေ လုပ်နေခဲ့တာပါ။ အခုလို သွင်းတဲ့ ဂိုးမျိုးကို ဘရန်ဖို့ဒ်နဲ့ ပွဲမှာလည်း သွင်းနိုင်ခဲ့သင့်တာပါ။ အခုတော့ တိုးတက်လာတယ်ဆိုတာကို ပြနေပြီ။

ကျွန်တော်တို့ဟာ အသင်းလိုက် အနေနဲ့ အမြဲတမ်း အလုပ်ကြိုးစားတယ်။ ဒါကြောင့် အရမ်းကို ဆန်းကြယ်တဲ့ စွမ်းဆောင်ရည်တစ်ခုပေါ့။ တကယ့် ကောင်းတဲ့ နိုင်ပွဲပါ။

လူတွေက ကျွန်တော်တို့ ပျက်စီးသွားအောင် ကြိုးစားကြမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အသင်းကောင်းလေ။ ကျွန်တော်တို့ ပုံစံ ကောင်းနဲ့ပဲ သွားနေခဲ့တာပါ။ အခု ၁၀ ပွဲ ဆက်တိုက် ရှိနေပြီ ” လို့ ဟာလန်းက ပြောပါ တယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးနောက် ၂ မှတ် လျော့ အနေအထားနဲ့ ဒုတိယနေရာကနေ လိုက်နေရပေမဲ့ နည်းပြ ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲလျော့ အနေအထား ရှိနေပါတယ်။