၁ဝ ပွဲ ဆက် နိုင်ပွဲရပြီးတဲ့နောက် မန်စီးတီးအတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပက် ကြွေးကြော်

အဲဗာတန်ကို အနိုင်ယူပြီးတဲ့နောက် လက်ရှိ မန်စီးတီးဟာ အသက်ဝင်နေပြီဖြစ်ပြီး လန်းလန်းဆန်းဆန်းနဲ့ ပိုကောင်းနေပြီဖြစ် လို့ ဘာအကြောင်းနဲ့မှ စိုးရိမ်စရာ မရှိတော့ကြောင်း နည်းပြ ပက် ဂွါဒီယိုလာက ပြောပါတယ်။

အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲပြီးတဲ့နောက် မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ် ပေးဇယားထိပ်ကို ယာယီ တက်ခဲ့သေးပြီး ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ အသင်းဖြစ်လာပါတယ်။ အဲဒီအထဲမှာ ပရီးမီးယားလိဂ် နိုင်ပွဲက ၆ ပွဲအထိ ရှိ နေပါတယ်။

နောက်ပြီး အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားနဲ့ တိုက်စစ်မှူး ဟာလန်းတို့လည်း အချိတ်အဆက်မိမိနဲ့ ကစားနိုင်ပြီဖြစ်သလို နော်ဝေသားကလည်း ဒဏ်ရာက ပြန်လာနိုင်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာလနောက်ပိုင်း အသင်းအတွက် ပထမဆုံး ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ မန်စီးတီးဟာ ကစားတဲ့ပွဲတိုင်းမှာ ပုံစံကောင်းရနေသလို စိတ်ဓာတ်ကလည်း အရမ်းကောင်းနေပြီဖြစ်တဲ့ အတွက် ဘာမှကို စိုးရိမ်စရာ မရှိတော့ဘူးလို့ စပိန်သား နည်းပြက ပြောပါတယ်။

” ၁၀ ပွဲ ဆက်တိုက် အနိုင်ရတာကတော့ တကယ့်ကို အောင်မြင်မှုပဲ။ ဒါပေမဲ့ တစ်ယောက်တည်း အမြင်ကို ပြောတာဖြစ်တဲ့အတွက် မှန်တယ်လို့တော့ မဆိုလိုနိုင်ဘူး။ အသင်းအကြောင်း သိပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့တိုင်း သူတို့ကို မြင်ရတာလေ။

ကျွန်တော့် အမြင် သူတို့က ပိုပြီး လန်းလန်းဆန်းဆန်းနဲ့ ကောင်းလာတာမျိုဖြစ်သလို ပွဲတွေ ရှုံးတာမျိုး ဒါမှ မဟုတ်ရင်လည်း ပုံမှန်အတိုင်း ဆက်မသွားနိုင်တာမျိုးကြောင့် ဖြစ်လာမယ့် အကျိုးဆက် မျိုးတွေ မရှိခဲ့ပါဘူး။ ဒီနေ့ပွဲလိုမျိုး အမြဲတမ်းပဲပေါ့။ အာလင်းနဲ့ ဒီဘရိုင်းနားတို့ ပိုပြီး တောင့် တင်းလာကြပြီ။

ဒါက ရှင်းပါတယ်။ အသင်းတစ်သင်းက တည်ငြိမ်မှု ပျောက်သွားတဲ့အခါ မျိုး ဒါမှမဟုတ် ပြုမူပုံနဲ့ သွားတဲ့ ပုံစံပျောက်တဲ့အခါ သူတို့ လေ့ကျင့်ပုံနဲ့ ပြုမူပုံအပေါ် ကျွန် တော်တို့ စိုးရိမ်ရမှာပါ။ အမြဲတမ်း ဒီလိုပါပဲ။ အသင်းက အသက်ဝင်နေသမျှ ကာလပတ် လုံး ကျွန်တော်တို့ ဘာမှ စိုးရိမ်စရာ မလိုဘူး” လို့ ဂွါဒီယိုလာက အဲဗာတန်နဲ့ ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။

မန်စီးတီးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ကိုပင်ဟေဂင်အိမ်ကွင်းကို အလည်သွားပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ရဲ့ ပထမအကျော့ကို ကစားရတော့မှာ ဖြစ်ပါတယ်။