စစ်မှုထမ်း ဥပဒေကြောင့် လူငယ်ပိုင်းတွေ နိုင်ငံပြင်ပ ထွက်ခွာဖို့ ကြိုးစားမှု များပြားလာ

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအရ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးရန် လိုအပ်လာခြင်းကြောင့် စစ်မှုထမ်းဥပဒေကို တရားဝင် ပြဋ္ဌာန်း ဆောင်ရွက်လိုက်ကြောင်း ကြေညာချက် ထွက်ရှိလာပါတယ်။
စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်အသက်ဝင်တယ် ဆိုပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာ ဖော်ပြလာခဲ့ပါတယ်။
ဒီဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားတွေ စစ်မှုထမ်းရမှာဖြစ်ကာ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက အသက် ၄၅ နှစ်အထိ အကျုံးဝင်ပါတယ်။ အမျိုးသမီးတွေကိုတော့ အသက် ၁၈ နှစ်မှ ၂၇ အရွယ်အထိသတ်မှတ်ထားပြီး ကျွမ်းကျင်ပညာရှင်ဖြစ်ပါက ၃၅နှစ် အရွယ်အထိ အကျုံဝင်တယ်လို့ တရားလွှတ်တော်ရှေနေတဦးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ကြေညာချက်တွေအပြီးမှာ လူငယ်အများအပြားဟာ ပြင်ပထွက်ခွာဖို့ ကြိုးစားမှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာနေပါတယ်။ အများစုကတော့ ပြင်ပကို ကျောင်းတက်ခြင်းဖြင့် ထွက်ခွာဖို့ ကြိုးစားလာပြီး ကျောင်းအေဂျင်စီတွေမှာ ဆက်သွယ် စုံစမ်းမှုတွေ အများအပြား ရှိနေတယ်လို့ သိရတယ်။
ဒါ့အပြင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအကြား စိုးရိမ်မှုရှိလာနေကြောင်း သိရတယ်။
“ဒီဟာနဲ့ပတ်သက်ပြီး တော်တော်လေးဂယက်ရိုက်ခတ်မှုတွေရှိတာပေါ့။ အလုပ် သမားတွေကလည်း ဒီဟာနဲ့ပတ်သက်ပြီး မေးလာကြတာတွေရှိတယ်။ ကိုယ့်မှာဖြေစရာအဖြေ မရှိဘူးဖြစ်နေတယ်။” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေအတွက် လိုအပ်တဲ့ နည်းဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ထပ်ပြီး ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းကာလကို (၅)နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သလို စစ်မှုထမ်းဖို့ ငြင်းဆိုတိမ်းရှောင်ရင် ထောင် ၅ နှစ်ချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။