ကိုပင်ဟေဂင်ကို အဝေးကွင်းနိုင်လိုက်ပေမယ့် စီးတီးက အားသာချက် နည်းနည်းပဲ ပိုရှိသွားတာပါ ဆိုတဲ့ ဒီဘရိုင်း

မန်စီးတီးကတော့ မနေ့ညက ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ကွာတားအဆင့် တက်ရောက်ဖို့လည်း စီးတီးက အတော် အခြေအနေ ကောင်းသွားပါတယ်။

ဒီတလော မန်စီးတီးအတွက် ပွဲပြန်ကစားပေးနေတဲ့ ဒီဘရိုင်းဟာ မနက်က ချန်ပီယံလိဂ်ပွဲမှာ မိနစ် ၉၀ အပြည့် ပါဝင် ကစားသွားပါတယ်။ သူဟာ ချယ်ဆီးပွဲအတွက်လည်း ကြံ့ခိုင်မှု ပြည့်ဝနေဦးမှာပါ။

ဒီဘရိုင်း က ကိုပင်ဟေဂင်နဲ့ ပွဲ က အခြေအနေနဲ့ပတ်သတ်ပြီး အခုလို ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးလည်း အခုထက် ပိုသွင်းနိုင်ခဲ့သင့်ပါတယ်။ ကံကောင်းစွာနဲ့ပဲ နောက်ဆုံးမိနစ်မှာ ကျွန်တော်တို့ တတိယဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယအကျော့အတွက် အားသာချက်လေး နည်းနည်း ပိုရသွားပါတယ်” လို့ ပြောဆိုခဲ့တာပါ။

ဒီရလဒ်က ဒုတိယအကျော့အတွက် တော်တော်လေးကို အားသာချက်ရှိစေတဲ့ ရလဒ်ဖြစ်ခဲ့တာပါ။

ဒီဘရိုင်း ကလည်း အသင်းအတွက် ခြေစွမ်းပြကာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး မန်စီးတီးတို့ ကွာတားဖိုင်နယ်ကို ခြေတစ်လှမ်း လှမ်းပြီးဖြစ်နေခဲ့ပါတယ်။