အဝေးကွင်းမှာ ကိုပင်ဟေဂင်ကို အနိုင်ယူပြီး ကွာတားသို့ ခြေတဖက်လှမ်းထားတဲ့ မန်စီးတီး၊ ပရိသတ်တွေ အတွက် အကောင်းဆုံး ဗယ်လင်တိုင်း လက်ဆောင်
ညက ကစားခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းက ၃-၁ နဲ့ အဝေးကွင်းပွဲ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အတော် အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။
ပထမပိုင်း စစချင်းမှာပဲ ဒီဘရိုင်းနားက အကီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့လို့ မန်စီးတီးတို့ စောစောစီးစီး အဖွင့်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။
၁၀ မိနစ်မှာ ဖီးလ် ဖိုဒန်က အလွန်ကောင်းမွန်တဲ့ နောက်ပြန်ပေးပို့မှုနဲ့ ဒီဘရိုင်းနားကို ဂိုးဖန်တီးပေးခဲ့ပြီး ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့်က ဂရာဘာရာ ဘယ်လိုမှ မကာကွယ်နိုင်အောင် ဂိုးထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ၂၃ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားရဲ့ ကန်သွင်းမှုက ဗက်ဗရိုနဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီးနောက် ဂိုးတိုင်ကို ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။
၃၄ မိနစ်မှာ အီဒါဆန်ရဲ့ ဘောလုံးရှင်းထုတ်မှု အမှားကနေ ရရှိခဲ့တဲ့ ဘောလုံးကို အယ်လ်ယူနူဆီ ပိတ်သွင်းယူခဲ့မှုကို မန်စီးတီး ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့်လည်း ပြန်လျှံထွက်လာတဲ့ဘောလုံးကို အိမ်ရှင် ကိုပင်ဟေဂင်တို့အတွက် မတ်ဆန်က အပြေးကန်သွင်းပြီး ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်ပြည့်ချိန် တစ်ဖက် ၁ ဂိုးစီ သရေနဲ့ပြီးဆုံးသွားတော့မယ့်ပုံပေါ်နေခဲ့ပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားက ဒီဘရိုင်းနား မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ပေါ်တူဂီကြယ်ပွင့်က ရယူပြီးနောက် ဂရာဘာရာကို ကျော်ကန်ပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အိမ်ရှင် ကိုပင်ဟေဂင်က ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဧည့်သည်တွေရဲ့ တစ်ဖက်သတ်ဖိအားပေး လွှမ်းမိုးမှုကိုသာ ခံခဲ့ရပြီး မန်စီးတီးရဲ့ ဂိုးကန်သွင်းမှုတွေကို ဂရာဘာရာက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ဂိုးတွေအများကြီး မပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ၉၂ မိနစ်မှာ ဒီဘရိုင်းနားက ပင်နယ်တီဧရိယာညာခြမ်းကနေ အလယ်မှာ ပိတ်သွင်းဖို့ အသင့်စောင့်ဆိုင်းနေတဲ့ ဖိုဒန်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမားက ဂရာဘာရာရဲ့ ဘယ်ခြမ်းကို အပြင်းကန်သွင်းပြီး တတိယမြောက်ဦးဆောင်ဂိုးနဲ့ ဒီပွဲရဲ့ နောက်ဆုံးဂိုးကိုသွင်းယူသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ဒိန်းမတ်မှာ အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့တာကြောင့် နောက်တကျော့ အိမ်ကွင်းအီတီဟတ်မှာ သရေကျရုံနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တော့မှာဖြစ်ပြီး ဗယ်လင်တိုင်းဒေးမှာ စီးတီးကတော့ ပရိသတ်တွေ အတွက် အကောင်းဆုံး လက်ဆောင် ပေးခဲ့ပြီ ဖြစ်ပါတယ်။