အကောင်းဆုံး ကစားသမားတွေက အကောင်းဆုံးပြိုင်ပွဲတွေမှာမှ ပေါ်ထွက်လာတယ် လို့ ပက် ဂုဏ်ယူ ဝံ့ကြွား

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဗုဒ္ဓဟူးနေ့နံနက်ပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ကိုပင်ဟေဂင်ကို ၁-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် သူ့အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရခဲ့ပြီး ပြီးပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

မြို့ခံပြိုင်ဘက်ကြီးမန်ချက်စတာယူနိုက်တက်ကိုယ်တိုင် ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးတဲ့ ဒိန်းမတ်မြေမှာ လက်ရှိချန်ပီယံတွေက ကိုပင်ဟေဂင်ကို ခက်ခက်ခဲခဲအကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အနိုင်ရလဒ်ကို ပြတ်ပြတ်သားသားဖော်ဆောင်နိုင်ခဲ့လို့ ကွာတားဖိုင်နယ်တက်ရောက်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။

ပွဲစဉ်အပြီး ဘယ်လ်ဂျီယံအခြေစိုက် TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဂွါဒီယိုလာက ချီးကျူး အားရစကားတွေ အခုလိုပြောဆိုခဲ့တာပါ။

“ အကောင်းဆုံး ကစားသမားတွေက အကောင်းဆုံးပြိုင်ပွဲတွေမှာ ပေါ်လာလေ့ရှိပါတယ်။ ဒါက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်”

“ဒီနေ့ ကျွန်တော်တို့အသင်းကစားပုံက ပြီးပြည့်စုံပါတယ်။ ပြိုင်ဘက်ရဲ့ ကစားဟန်ကြောင့် ကစားသမားတွေက စိတ်ရှည်ရှည်နဲ့ကစားပြီး စနစ်တကျစုဖွဲ့ခဲ့ကြပါတယ်။ အသင်းအတွက် နောက်ထပ်တစ်ကြိမ် ဂုဏ်ယူရပြန်ပါပြီ။ ဒါပေမယ့် ပြိုင်ပွဲကမပြီးသေးပါဘူး။ တတိယဂိုးက ကျွန်တော်တို့အတွက် အများကြီးအကူအညီဖြစ်စေခဲ့ပြီး အိမ်ကွင်းကျရင်တော့ ဒါကို အကောင်းဆုံး အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်အတွင်း မန်စီးတီးက နောက်ထပ်သွင်းဂိုး မရယူနိုင်ခဲ့လို့ ဒုတိယအကျော့၊ အိမ်ကွင်းမှာ ကိုပင်ဟေဂင်ကို တစ်ဂိုးအသာအခြေအနေမျိုးဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ ယူဆနေချိန်မှာပဲ နာကျင်အချိန်ပိုမှာ ဖိုဒန်က မန်စီးတီးအတွက် နှစ်ဂိုးပြတ်အနိုင်ရရှိစေမယ့်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဂွါဒီယိုလာက “ဒီပွဲမှာမရှုံးဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ပွဲစတင်ချိန်မိနစ်ကစပြီး အကောင်းဆုံးကစားခဲ့ပါတယ်။ တစ်ခါတလေမှာလုံးဝရှောင်လွှဲလို့မရနိုင်တာကြောင့် ကျွန်တော်တို့ ချေပဂိုးပေးလိုက်ရပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ဒီလိုဂိုးမျိုးအနည်းငယ်ကိုသာ ကျွန်တော်တို့အသင်းက ခွင့်ပြုပေးရလေ့ရှိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

စပိန်သားနည်းပြက ပေါင်ခြံဒဏ်ရာကြောင့် ပထမပိုင်းမှာပဲ လူစားလဲခဲ့ရတဲ့ တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်ကို စာနာမိကြောင်းလည်း ပြောကြားခဲ့ပါတယ်။