ဒီဘရိုင်းနဲ့ ဖိုဒန် ကြား တည်ဆောက်ထားတဲ့ နားလည်မှုနဲ့ ချိန်သားကိုက် ပေးပို့မှုများ၊ တောင်ပံနေရာ ပြန်ကြိုက်နေတဲ့ ဖိုဒန်

ပြီးခဲ့တရက် ကိုပင်ဟေဂင်ကို ၁-၃ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်မှာ မန်စီးတီးအတွက် ကယ်ဗင် ဒီဘရိုင်းနဲ့ ဖီးလ်ဖိုဒန်တို့က ဂိုးတွေကိုယ်စီ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ကြ ပါတယ်။

မန်စီးတီးအတွက် အဖွင့်ဦးဆောင်ဂိုးကို ဖိုဒန်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ဒီဘရိုင်းက သွင်းယူခဲ့တာဖြစ်ပြီး ပွဲသိမ်းဂိုးကိုတော့ ဒီဘရိုင်းရဲ့ဖန်တီးမှုမှတစ်ဆင့် ဖိုဒန် ပွဲပြီးကာနီးမှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် မန်စီးတီးဟာ ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့အတွက် အခွင့်အရေးများသွားခဲ့ပြီး ဒုတိယအကျော့ကိုတော့ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဖိုဒန်က သူနဲ့ဒီဘရိုင်းတို့ကြားမှာ နားလည်မှုကြီးကြီးမားမား တည်ဆောက်ထားနိုင်တာကြောင့် တစ်ယောက် ဘာလုပ်မယ်ဆိုတာကို တစ်ယောက်က ကြိုသိနေကြောင်းနဲ့ ဒီလို နားလည်မှုရှိနေတာက သူ့ရဲ့ကစားသမားဘဝအတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုလာခဲ့ပါတယ်။

ဖိုဒန်က “ကျွန်တော်နဲ့ ကယ်ဗင်ရဲ့ကြားမှာ ချိတ်ဆက်မှုကောင်းကောင်းတည်ဆောက်ထားနိုင်ပြီး ကျွန်တော်ဘယ်နေရာမှာရှိနေလဲဆိုတာ သူ သိပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ အသင်းက ပိတ်ပြီးတော့မကစားတဲ့အချိန်တွေမှာဆိုရင် အရှိန်မြင့်တဲ့ကစားသမားတွေ လိုပါတယ်။

ကယ်ဗင်က ကျွန်တော်ဘာလုပ်မယ်ဆိုတာကို ကြိုသိနေတော့ ချိန်သားကိုက်ပေးပို့မှုတွေပြုလုပ်ပြီး ကျွန်တော့်အတွက် လွယ်ကူစေပါတယ်။ ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ သူ့လောက်ဘောလုံးပေးပို့မှုကောင်းတဲ့ကစားသမားမရှိပါဘူး။ သူနဲ့အတူတူ တွဲကစားနေရတာ အရမ်းပျော်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖိုဒန် က “ဒီပွဲက အသင်းအတွက် အရှည်ကြာဆုံးပွဲတစ်ပွဲလို့ ခံစားမိပါတယ်။ ကျွန်တော်တို့ ရစ်သမ်မိနေပြီး ခံစားချက်ကောင်းနေပါတယ်။ ကိုယ့်ခြေစွမ်းကို ရှာတွေ့ပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်” လို့ဆိုပါတယ်။

ဒီဘရိုင်းတံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဖိုဒန်ဟာ အသင်းရဲ့နံပါတ် ၁၀ နေရာမှာ ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း နံပါတ် ၁၀ နေရာမှာကစားရတာကို နှစ်သက်ကြောင်း ဝန်ခံခဲ့ပေမယ့် ယခုကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာတော့ တောင်ပံထွက်ကစားခဲ့ဖြစ်ပြီး တောင်ပံမှာ ပိုပြီးအလုပ်ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဖိုဒန်က “ကျွန်တော်က အလယ်မှာကစားရတာပိုကြိုက်ပေမယ့် ဒီနေ့မှာတော့ တောင်ပံမှာထွက်ကစားခဲ့ရပြီး ပိုကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲထဲက ဘယ်နေရာမှာပဲ ကစားရ ကစားရ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ကျွန်တော် ငယ်ငယ်ကတည်းက တောင်ပံမှာပဲကစားခဲ့တာဆိုတော့ ဒီနေရာက ကျွန်တော့်အတွက် ကျင့်သားရနေပါပြီ” လို့ပြောကြားခဲ့ပါတယ်။