မက်ဆီနဲ့ စီရော်နယ်ဒိုတို့ထက်တောင် ဟာလန်းက ပိုသာတာရှိကြောင်း ကိုယ်တိုင် ထုတ်ပြောလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီး နည်းပြ ဂွါဒီယိုလာဟာ ဟာလန်းအပေါ် ဝေဖန် သံသယဝင်သူတွေကို ရည်ရွယ်ပြီး မက်ဆီ၊ စီရော်နယ်ဒိုတို့ထက်တောင် သူ့ရဲ့ နော်ဝေသား က ပိုကောင်းတာတစ်ခု ရှိကြောင်း ထုတ်ပြောလိုက်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ် ၅၃ ပွဲမှာ ၅၂ ဂိုးသွင်းပြီး ဂိုးသွင်းစံချိန်ပေါင်းများစွာ ချိုးနိုင်ခဲ့တာပါ။

ဒီရာသီမှာလည်း ဒဏ်ရာကြောင့် တစ်လကျော်ကြာ နားခဲ့ရပေမယ့် ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းသူစာရင်းကို ဦးဆောင်နိုင်နေဆဲပါပဲ။

ဒဏ်ရာက ပြန်ကောင်းကောင်းချင်း ပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့စနေက အဲဗာတန်နဲ့ပွဲမှာတော့ နိုဝင်ဘာ ၂၅ နောက်ပိုင်း သူ့ရဲ့ပထမဆုံးသွင်းဂိုးတွေကို စတင်ရရှိခဲ့ပါတယ်။

ကြားထဲမှာ ၄ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာဟာ သူ့လို ဂိုးသွင်းစက်တစ်ယောက်အတွက် မျှော်မှန်းမထားတဲ့အခြေအနေတစ်ခုဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ သူ့တိုက်စစ်မှုးအပေါ် အယုံအကြည်ပမပျက်ခဲ့ပါဘူး။

အဲဒါကြောင့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့တောင် ဟာလန်းလို အသက်အရွယ်မှာ နော်ဝေသားလောက် သွင်းဂိုးများခဲ့တာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက လစ်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။

”ကျွန်တော်တို့က သူ့ကို ဂိုးသွင်းရမယ်လို့ သူ့ကို ဖိအားမပေးပါဘူး။ သူ့အသက်အရွယ်နဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ပါဦး။ ချန်ပီယံလိဂ်မှာဆို မက်ဆီနဲ့ စီရော်နယ်ဒိုတောင် ဟာလန်းလို အသက်အရွယ်မှာ အဲဒီလောက် မသွင်းနိုင်ခဲ့ဘူး”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။

ဟာလန်းဟာ ၂၃ နှစ်အရွယ် ချန်ပီယံလိဂ် ၃၅ ပွဲမှာ ဂိုး ၄၀ သွင်းထားတာပါ။

မက်ဆီဆို ၂၀၁၁ ဇွန်လက ၂၄ နှစ်မပြည့်ခင် ချန်ပီယံလိဂ်မှာ ဟာလန်းထက် ၃ ဂိုးပိုနည်းပါတယ်။

စီရော်နယ်ဒိုဆိုလည်း ၂၄ နှစ်ပြည့်ပြီးချိန်ဖြစ်တဲ့ ၂၀၀၈-၀၉ ရာသီအကုန်မှာ ချန်ပီယံလိဂ် ၁၆ ဂိုးသာ ရှိသေးတာပါ။

ဟာလန်းကတော့ လာမယ့်ဇူလိုင်ရောက်မှ ၂၄ နှစ်ပြည့်မှာ ဖြစ်ပါတယ်။