ဂရီးလစ်ရှ်နဲ့ ဘာနာဒို တို့ ဒဏ်ရာ အခြေအနေကို စိတ်ပျက်လက်ပျက် ရှင်းပြသွားတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီး အသင်းရဲ့ ကိုပင်ဟေဂင် အသင်းကို အဝေးကွင်းမှာ ၁ – ၃ နဲ့ နိုင်တဲ့ ပွဲမှာ ကစားသမား ၂ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပွဲအစ ၂၁ မိနစ်မှာပဲ စီးတီးဖက်က အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ် ဒဏ်ရာ ရခဲ့တာကြောင့် ဘယ်လ်ဂျီယမ် ကြယ်ပွင့် ဂျရေမီ ဒိုကူနဲ့ လူစားလဲခံခဲ့ရပါတယ်။ ဒါ့အပြင် အားထားရတဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာလည်း ပွဲပြီးခါနီး အနည်းငယ် ထိခိုက်ခဲ့မိလို့ မက်တဲယက်စ် နူးညက်စ်နဲ့ လူစားလဲခံခဲ့ရပြန်ပါတယ်။

လာမယ့် စနေနေ့ည အီတီဟတ်မှာ စီးတီးတို့ဟာ နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းကို လက်ခံ ကစားဖို့ ရှိပါတယ်။ ဒီပွဲ မတိုင်ခင် ကစားသမား ၂ ဦး အခုလို နာသွားတာကြောင့် နည်းပြ ပက် ဂွာဒီယိုလာက စိတ်ပျက်နေပါတယ်။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှ ပက်က ဘာနာဒိုဆေးလ်ဗားနဲ့ ဂရီးလစ်ရ်ှတို့ရဲ့ ဒဏ်ရာ အခြေအနေ အကြောင်း အခုလိုပဲ အသေးစိတ် ရှင်ပြခဲ့ပါတယ်။

ဂွာဒီယိုလာ က ” ဘာနာဒိုဟာ ခြေကျင်းဝတ်မှာ ကြီးမားတဲ့ ထိခိုက်မှု တခု ရခဲ့ပါတယ် ။ ဒါက ပြဿနာ ကြီးကြီးမားမား မဟုတ်ဖို့ပဲ မျှော်လင့်ရပါတယ်။ လာမယ့် ရက်အနည်းငယ်မှာ ကျွန်တော်တို့ဟာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံကစားဖို့ ရှိပါတယ်။ ”

” ကျွန်တော်တို့ဟာ တတ်နိုင်သလောက်တော့ ကြံ့ခိုင်မှု အမြန် ပြန်ပြည့်ဖို့ လုပ်ရပါမယ်။ ဂျက်ကတော့ မနက်ဖြန်မှာ ဆေးစစ်မှု တခု လုပ်ရမှာပ ။ ဒီတော့ သူ လာမယ့်ပွဲကို လွဲချော်ပါလိမ့်မယ်၊ ဟုတ်ပါတယ်။ ဒါက စိတ်ပျက်စရာပါပဲ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူဟာ ထရိန်နင် ပျော်ပျော်ရွှင်ရွှင် ဆင်းနေခဲ့သလို ခါတိုင်းထက် ပိုကောင်းလာပြီး ခြေစွမ်းလည်း ပြနေလို့ပါ။ ”

” သူဟာ ကျွန်တော်တို့ကို မှန်ကန်တဲ့ tempo တခုမှာ ကစားနိုင်ဖို့ ကူညီပေးထားပါတယ်။ ဂျက်ဟာ ကျွန်တော်တို့ အတွက် အထောက်အကူ အများကြီး ဖြစ်ခဲ့ပါတယ်။ သူ ဒဏ်ရာက လျင်လျင်မြန်မြန် ပြန်ကောင်းလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ”

” ထိထိချင်း သူ တခုခု လွဲနေပြီ ဆိုတာ ကိုယ့်ကိုယ်ကို သိခဲ့ပါတယ်။ ကစားသမားတွေလည်း သိခဲ့ပါတယ်။ သူတို့ ဒါကို ချက်ချင်းကြီး ခံစားခဲ့မိတာပ ။ ” လို့ ပြောကြားခဲ့ပါတယ်။